အမေကို မှီခိုလွန်းသူ
ဆရာ့ဆေးခန်းကို
အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ ကိုမြတ်မော် ရောက်လာပါတယ်။ ဆရာ့ကို
တွေ့ဆုံရတဲ့ အကြောင်းရင်းကို မေးကြည့်တော့ ကိုမြတ်မော်က သူ့ရဲ့
ရည်းစားကောင်မလေးနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လမ်းခွဲခဲ့ကြတယ်လို့
ပြောပြပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူစိတ်ဓာတ်တွေ အကြီးအကျယ်
ကျနေခဲ့တယ်လို့ သူက ပြောပြပါတယ်။ သူက ကောင်မလေးကို အရမ်းချစ်ရက်နဲ့
လမ်းခွဲခဲ့ရတယ်လို့ ရှင်းပြပါတယ်။ “ဘာကြောင့် လမ်းခွဲခဲ့ရတာလဲ” လို့ ဆရာက
မေးကြည့်တော့- “အမေက သဘောမတူလို့ပါ ဆရာ..အမေက ကျွန်တော်ကြိုက်နေတဲ့
ကောင်မလေးနဲ့ လက်ထပ်မှာကို ခါးခါးသီးသီး ငြင်းခဲ့လို့ပါ။ အမေမရှိဘဲနဲ့လည်း
ကျွန်တော်က နေလို့မဖြစ်ပါဘူး။ ကျွန်တော် ဒီအသက် ဒီအရွယ်အထိ ရောက်လာအောင်
အမေကပဲ စောင့်ရှောက်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က အမေမရှိဘဲနဲ့တော့
လုံးဝမနေနိုင်ပါဘူး” လို့ ကိုမြတ်မော်က ရှင်းပြပါတယ်။
ကိုမြတ်မော်က
တစ်သက်လုံး အိမ်မှာပဲ သူ့အမေနဲ့ နေခဲ့ပါတယ်။ တက္ကသိုလ်တက်တဲ့ အချိန်လေးပဲ
သူ့အိမ်ကနေခွဲဖူးပါတယ်၊ တက္ကသိုလ်တက်ပြီးတာနဲ့ ချက်ချင်း
အိမ်ကိုပြန်လာတာပါ။ ကျောင်းပိတ်တဲ့အခါတိုင်း သူငယ်ချင်းတွေစုပြီး
ခရီးတွေထွက်ကြတယ်၊ ကမ်းခြေတွေသွားကြတယ်၊ ဘုရားတွေ သွားဖူးကြတယ်။
ဒီခရီးတွေအားလုံး သူမလိုက်ဖြစ်ခဲ့ပါဘူး။ သူ့သူငယ်ချင်းတွေက ဘယ်လိုပဲ
စရိတ်ခံပြီးခေါ်ခေါ် ကိုမြတ်မော်က သူ့အမေဆီကိုပဲ ပြန်လာလေ့ရှိပြီး
ဘယ်ခရီးကိုမှ မသွားခဲ့ပါဘူး။ သူ့အိမ်ကိုလွမ်းလို့ ဆိုပြီး အမြဲတမ်းပဲ
ပြန်ခဲ့ပါတယ်။ ဒါကြောင့် အမေကိုလည်း မခွဲနိုင်လို့ အမေသဘောမတူတဲ့
ကောင်မလေးနဲ့ လမ်းခွဲခဲ့ရတာပါလို့ ကိုမြတ်မော်က ရှင်းပြပါတယ်။ “အခုလို
ကောင်မလေးနဲ့ လမ်းခွဲပြီးတဲ့အချိန်က စပြီး စိတ်ဓာတ်တွေကျနေပါတယ်၊ စိတ်လည်း
ညစ်နေပါတယ် ဆရာ .. ဒါပေမဲ့ အစားအသောက်တော့ မပျက်ခဲ့ပါဘူး။
အာရုံစူးစိုက်နိုင်စွမ်းလည်း ရှိပါတယ်။ အားအင်ကုန်ခန်းတာမျိုးလည်း
မဖြစ်ပါဘူး။ အလုပ်ကိုလည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ပါတယ်ဆရာ။
ပြီးတော့ အလုပ်နဲ့ ပတ်သတ်တဲ့ ပြဿနာမျိုးတွေလည်း မရှိပါဘူး” လို့
ရှင်းပြပါတယ်။
ဆရာလည်း သူ့အလုပ်အကိုင်ကို မေးကြည့်တော့
စာရင်းစစ် အလုပ်လုပ်တာကို သိရပါတယ်။ အဲဒီအလုပ်ကို လုပ်တာ နှစ်နဲ့ချီပြီး
ကြာခဲ့ပါပြီ။ ဒါပေမဲ့ အလုပ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတဲ့
အပိုင်းတွေမှာ ထိထိရောက်ရောက် မလုပ်နိုင်တာကို သိခဲ့ရသလို
အုပ်ချုပ်မှုအပိုင်းတွေကိုလည်း သူမလုပ်နိုင်တဲ့အတွက် လူကြီးတွေက
ကိုမြတ်မော်ကို ရာထူးတိုးပေးဖို့ လုပ်ပေမယ့်လည်း လွဲချော်နေကြောင်း
သိရပါတယ်။ ဒီလူနာမှာ ဘာရောဂါဝေဒနာ ရှိနေသလဲဆိုတာကို စနစ်တကျ
မေးမြန်းဆန်းစစ် ကောက်ချက်ချ လိုက်တဲ့အခါမှာ Dependent Personality
Disorder ဆိုတဲ့ မှီခိုလွန်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိနေတဲ့ ဝေဒနာသည်
ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလိုလူမျိုးကို ကုသမယ်ဆိုရင် အကောင်းဆုံးကတော့
Insight Oriented Psychodynamic Psychotherapy ကုထုံးတွေ ပေးရပါတယ်။
သိမှုအပြုအမူကုထုံး (Cognitive Behaviour Therapy) လည်း ပေးလို့ရပါတယ်။
လေ့ကျင့်ခန်းတွေ ပေးပြီးတော့လည်း ကုသလို့ရပါတယ်။ Family Therapy
လို့ခေါ်တဲ့ မိသားစုနဲ့ တွေ့ဆုံ မေးမြန်းပြီးပေးရတဲ့ ကုထုံးတွေလည်း
ပေးလို့ရပါတယ်။ Group Therapy ဆိုတဲ့ အုပ်စုလိုက်ပေးရတဲ့ ကုထုံးတွေလည်း
ပေးလို့ရပါတယ်။
တကယ်လို့ စိုးရိမ်စိတ်တွေ ပေါ်လာတယ် ..
စိတ်ကျလာတယ်ဆိုရင်တော့ အဲဒါနဲ့ပတ်သက်ပြီး ကုသတဲ့ ဆေးဝါးတွေ ပေးရပါတယ်။
SSRI ဆေးဝါးတွေကိုတော့ အဖြည့်သဘောမျိုးပဲ ပေးပြီး စိတ်ကုထုံး
(Psychotherapy) ကို အဓိကထားပြီး ကုသပေးခဲ့ပါတယ်။
မှီခိုလိုစိတ်များတဲ့
ကိုယ်ရည်ကိုယ်သွေး ရှိတဲ့သူတွေဟာ သူများတွေကို အရမ်းမှီခိုပါတယ်၊
သူများတွေကို အရမ်း အားကိုးတတ်ပါတယ်၊ အားကိုးရမယ့် သူမရှိတဲ့အခါမှာ
နေမထိထိုင်မသာတွေ ဖြစ်နေတတ်ပါတယ်။ သူ့တို့ဘာသာ သူတို့
စဉ်းစားဆုံးဖြတ်ပြီး မလုပ်ဆောင်တတ်တော့ပါဘူး။ သူတို့က ကိုယ်ရည်ကိုယ်သွေးနဲ့
ဆက်စပ်နေတဲ့ ရောဂါရှိတာကြောင့် ကုသရတာ ခက်ပါတယ်။ သူတို့ကို စိတ်နဲ့
လူမှုရေးဆိုင်ရာ ကုထုံးတွေကို အဓိကထား ကုသပေးရပါတယ်။ မိသားစုတွေနဲ့ ဆွေမျိုး
အသိုင်းအဝန်းက ပံ့ပိုးပေးဖို့လိုသလို စိတ်ကုထုံး (Psychotherapy)
တွေလည်း ပေးဖို့ လိုပါတယ်။ တချို့လူနာတွေမှာ သူတို့ကိုယ်တိုင်က
လိုလိုလားလား ရှိတယ်ဆိုရင်တော့ ကုသမှုကို အချိန်ယူပြီးတော့ စိတ်ကုထုံး
(Psychotherapy) ပေးပြီး ကုသပါတယ်။
ကိုမြတ်မော်
ခံစားနေရတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေ၊ စိုးရိမ်စိတ်တွေကို ကုသပြီးတဲ့
အခါမှာတော့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် ယုံကြည်မှုမရှိတဲ့စိတ်ကို
ပျောက်ကင်းအောင်တော့ ဆရာရဲ့ ဆရာဖြစ်တဲ့ ဆရာကြီး ဦးအုန်းလှိုင်ဆီကိုပဲ
ညွှန်းပို့ပေးပြီး ဆရာက သိမှုအပြုအမှုကုထုံး (Cognitive Behaviour Therapy)
နဲ့ ကုသပေးခဲ့ပါတယ်။ ဒီလိုကုသရင်း ဆေးဝါးကုသမှုလည်းပေးကာ စိတ်ကုထုံး
(Psychotherapy) နဲ့ လေ့ကျင့်ခန်းတွေပါ တွဲဖက် ကုသမှုပေးလိုက်တဲ့
အခါမှာတော့ ကိုမြတ်မော်ရဲ့ မှီခိုမှုလွန်ကဲတဲ့ ကိုယ်ရည်ကိုယ်သွေးက
လျော့ပါး သက်သာသွားတာကို တွေ့ရပါတယ်။
အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး) ပြောကြားသည်။
Ref: Good Health
Source:http://news.yatanarpon.com.mm/news/news-59200
Monday, July 9, 2012
Subscribe to:
Post Comments (Atom)

List Item One



0 comments:
Post a Comment