တစ်ခါက တိုင်းရင်းဆေးသိပ္ပံကျောင်း မန်းတောင်ခြေတွင် စာရေးသူ၏ သူငယ်ချင်း
ဆေးကျောင်းသားတစ်ဦးက ထူးဆန်းသော ငှက်ပျောသီး ဖီးကြမ်းတစ်လုံးကို
ပြသည်။ ထိုငှက်ပျောသီး ဖီးကြမ်းမှာ သုံးမြှောင့်ပုံစံ ရှိပါသည်။
ငှက်ပျောတစ်ဖီးတွင် ဆယ့်တစ်လုံးမှ ဆယ့်သုံးလုံးအထိ ပါရှိသည်။ ထိုအဖီး၏
အစွန်းဆုံးတွင် တစ်လုံးတည်းပါသော ငှက်ပျောသီး တစ်လုံးမှာ
သုံးမြှောင့်ပုံစံရှိပြီး ကျန်ငှက်ပျောသီး အားလုံးမှာ လေးမြှောင့်ပုံစံ
အသီးများ ဖြစ်ကြသည်။ ငှက်ပျောတစ်ဖီးတွင် ဆေးဖက်ဝင်သော အသီးမှာ တစ်လုံးသာ
ပါသည်။ ထိုငှက်ပျောသီးကို ဆေးရုံတက်နေသည့် အစာအိမ်ကင်ဆာဟု ယူဆရသော
လူနာတစ်ဦးကိုပေးရန် ဓာတ်စာအဖြစ် ယူလာကြောင်း ပြောပြသည်။ ငှက်ပျောသီး
ဖီးကြမ်းသည် လေကို ပူနိုင်သည်။ အစာအိမ်နာ၊ အစာအိမ်ရောင်ခြင်းကို
သက်သာစေသည်။
ငှက်ပျောသီးအခွံကို နွှာလိုက်လျှင် တွေ့ရသော
အသားအမျှင်များသည် အစာအိမ်မှ အချွဲအမြှေးကို ပြန်လည် ဖြစ်ထွန်းစေသည်။
ထမင်းစားပြီးတိုင်း ဖီးကြမ်းငှက်ပျောသီး အမှည့်တစ်လုံး စားပေးလျှင်
အစာကို အကြေမြန်စေသည်။ လေအောင့်ရောဂါနှင့် အစာအိမ်မှ သွေးယိုစိမ့်သော
အနာများကိုပါ စွဲစွဲမြဲမြဲ စားလျှင် သက်သာနိုင်ကြောင်း ပြောသည်။
ထိုသူငယ်ချင်းသည် ထိုအချိန်က တိုင်းရင်းဆေးသိပ္ပံမှ သင်တန်းသား
ဆရာလောင်းတစ်ဦး ဖြစ်သည်။ သူသည် ဆေးပင်ဆေးရွက်၊ ဆေးမြစ်၊ အသီးအဖုတို့၏
အာနိသင် အာယုဗ္ဗေဒ ဆေးပညာကို အလွန် စိတ်ဝင်စားပြီး လိုက်စားသူဖြစ်သည်။
ယခုအခါ သူသည် တိုင်းရင်းဆေးတက္ကသိုလ် နိုင်ငံတကာ ဆေးပညာဋ္ဌာနတွင်
ဋ္ဌာနမှူးအဆင့် ဖြစ်၍နေပြီ။
သူက စိတ်လိုလက်ရရှိသော အခါများတွင်
ဆေးဘက်ဝင် အပင်တစ်ပင်၏ ဆေးအမယ်များကို စုဆောင်းပြီး ဆေးများ
ဖော်စပ်ရာတွင် လိုက်နာရမည့် ဆေးပညာ ဥပဒေသများကို ရှင်းလင်းပြသည်။
အပင်တွေ့တိုင်း ခုတ်ယူ ချိုးယူပြီး ဆေးဖော်၍ အာနိသင် အစွမ်းမရနိုင်ဟု
သူကဆိုသည်။ အပင်တစ်ပင်ကို ဆေးဖက်ဝင် အပင်ဟုသိသည်မှာ သာမန်အသိဖြစ်သည်။
ဆေးဖော်ရန်အတွက် အရွက်ကို ရယူလိုလျှင် မိုးဥတုနှင့် မိုးအကုန်တွင်
ခူးယူရမည်။ အသီးကို ရယူလိုလျှင် ဆောင်းအကုန် (သို့)
အသီးရင့်မှည့်ချိန်တွင် ရယူရသည်။ သို့သော် ဆေးပင်တစ်ပင်၏ အမြစ်ကို
ဆေးဖော်လိုလျှင် မိုးရာသီတွင် ထိုအပင်၏ အရွက်၊ အသီး၊ ကိုင်း၊ အခက်များကို
ခုတ်ယူပြီး ဆေးဖော်သော်လည်း ဆေးအာနိသင် အပြည့်မရနိုင်။
နွေရာသီရောက်မှ
ထိုအပင် အရွက်ကြွေသောအချိန် နွေဦးပေါက်စ ဂိမန္တဥတုတွင် အပင်၏ အမြစ်ကို
တူးယူရမည်။ ထိုအချိန်တွင် ဆေးပင်၏အမြစ်မှာ ဆေးအာနိသင် အပြည့်ရှိသည်။
ပန်းပွင့်များ၊ ဝတ်ဆံများကို ဆေးဖော်ကြသည်။ ထိုပန်းပွင့်၊ ဝတ်ဆံများ
ပျားပိတုန်းတို့ မစားသုံးမီ အရင်ယူရမည်။ နောက်ကျပြီးမှ ကြွေကျရယူသော
အပွင့်များမှာ ဆေးဘက်မဝင်နိုင်ဟု ဆိုသည်။ ဥပမာ- ကံကော်ဝတ်ဆံများကို
နှလုံးအားဆေး၊ သည်းခြေဆေးများ ဖော်ကြသည် ဆိုရာတွင် ဈေးမှ ကြုံရာ
ကံ့ကော်ပွင့် သွားဝယ်ယူ၊ အခြောက်လှန်းပြီး ဝတ်ဆံခြွေယူလေ့ ရှိသည်။
ဘုရားတင်ပြီးစွန့်သော အပွင့်ခြောက်များကိုစုပြီး ပရဆေးဆိုင်များသို့
ပြန်ရောင်းလေ့ ရှိကြသည်။
ဆေးဖော်မည့်ဆရာက ပရဆေးဆိုင်မှ
ကံ့ကော်ပွင့်ခြောက်ကိုဝယ်ပြီး အလွယ်တကူ ဆေးဖော်ကြသည်။ ဤဆေးတွင် ပါဝင်သည့်
ကံ့ကော်ဝတ်ဆံများမှာ ဆေးအာနိသင်အပြည့် ရနိုင်မည်မဟုတ်ပေ။
ဆေးနည်းစာရွက်လေးကိုပြပြီး ပရဆေးဆိုင်များတွင် ဆေးစုသောအခါ လိုသော
အမယ်မှန်သမျှ အလွယ်တကူ ရနိုင်သည်။ သို့သော် ဆေးအာနိသင် ပြည့်ဝမှန်ကန်သော
ပစ္စည်းကိုရရန် ခက်ခဲပေသည်။ တစ်ခါတစ်ရံ သိမ်းထားတာကြာ၍ မှိုတက်နေသော
ဆေးပင်ဆေးရွက်များကို ထည့်ပေးတတ်သည်။ မစစ်ဆေးဘဲ အမှုန့်ကြိတ်စက်
ပို့လိုက်သောအခါ ထိုမှိုများဆေးထဲတွင် ရောနှောပါဝင်သဖြင့် အသည်းခြောက်ရောဂါ
ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ဆေးအတွက် လေးဆိုသကဲ့သို့ ဖြစ်သည်။
ဆေးဆရာများသည်
လူနာများကို ဆေးပေးသောအခါ လူနာဟုမမြင်သင့်။ မိမိ၏ မိဘကို
ဆေးကုပေးနေသည်ဟု မြင်ပြီးပေးလျှင် အန္တရာယ်ရှိသော ဆေးကို မပေးရဲတော့ပေ။
ဆေးပေးခြင်းသည် မိမိ၏ အသွေးအသားကို ဖဲ့ပေးနေသကဲ့သို့ သဘောထားမှ ဆရာကောင်း
သမားကောင်းဖြစ်မည်။ မိမိပေးသောဆေးမှ ရသောငွေသည် လူနာရောဂါ မပျောက်လျှင်
မိမိအတွက် တန်ပြန်အဆိပ်သင့်မည်ဟု သတိပြုအပ်သည်။ ယခုခေတ် ဆေးဆရာများသည်
သစ္စာရှိသူ နည်းပါးသွားပြီး မိမိကိုယ်မိမိ သမားတော်ကြီး အမည်တပ်ထားပြီး
အကျိုးအမြတ်အတွက် ဆေးရောင်းစားနေသော သမားအတုအယောင်များ ခေတ်စားနေသည်။
ပြည်တွင်းမှာ မရနိုင်သော ဂုဏ်ထူးဆောင်ဘွဲ့များကို ဒေါ်လာပေး၍ နိုင်ငံခြားမှ
ဝယ်ယူထားသော ဒေါက်တာများ ခေတ်စားနေသည်ကို သတိမူရမည့်ခေတ် ဖြစ်သည်။
လူနာများသည်
မိမိကုသမည့် ဆရာမှာ သမားစဉ်ဆရာလား၊ အသပြာဆရာလား သတိထားဖို့လိုသည်။ ရှေးက
သမားစဉ် ရိုးရာဆေးပညာ ဆေးဆရာကြီးများမှာ ကျမ်းအဆူဆူကို
တတ်မြောက်ကြသော်လည်း မည်သူမျှ အနောက်တိုင်း ဒေါက်တာဘွဲ့ မရကြပါ။
ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း၊ ခေါင်းပေါ်မှာ ခေါင်းပေါင်းစနှင့် လည်ပင်းမှာ
နက်ခ်တိုင်နှင့် အောက်ပိုင်းမှာ တောင်ရှည်နှင့် ခြေထောက်မှာ
ဘွတ်ဖိနပ်နှင့် ဝတ်ဆင်ထားသော ကာတွန်းပုံတစ်ပုံကို တွေ့ဖူးသည်။
ထိုဆရာများကို လှောင်ထားသော ကာတွန်းဖြစ်သည်။ တစ်ခါက စာရေးသူ၏ လူနာ
အငြိမ်းစား ပါမောက္ခချုပ်တစ်ဦးက ပြောဖူးသည်။
“ဆရာတို့ကတော့
ရိုးရိုး တိုင်းရင်းဆေးပညာ ဒီပလိုမာဘွဲ့ပဲ ရေးထားတယ်နော်။ ဆရာတစ်ခါက
အိမ်နီးချင်းနိုင်ငံကြီး တစ်ခုက Ph.D ဘွဲ့ရဆိုတဲ့ မြန်မာဆရာတစ်ဦးနဲ့
တွေ့ဖူးတယ်။ Ph.D ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က ဘာလဲလို့မေးကြည့်တော့
သူမဖြေနိုင်ဘူး” ဟုပြောပြသည်။ Ph.D ၏ အဓိပ္ပာယ်မှာ Doctor of Philosophy
ဟု ဖြစ်ကြောင်းကို ဘွဲ့တပ်ထားသူက မသိခြင်းမှာ ရှက်စရာကောင်းပေသည်။
ရှေးခေတ်က မြန်မာဆေးဆရာများကို ဗိန္ဓောဆရာများဟု ခေါ်ခဲ့ကြသည်။ သက္ကတမှလာသော
“ဝိုက်ဒြော” ဟူသော စကားမှ ဆင်းသက်လာသည်ဟု တိုင်းရင်းဆေးကောင်စီဝင်
ဆရာကြီးဦးမာဃမှ အမိန့်ရှိခဲ့ဖူးပါသည်။ ဆေးပစ္စည်းတို့၏ အာနိသင်ကို
သိရှိသော ဆရာဟုဆိုလိုသည်။ ဂုဏ်ငယ်စရာမရှိဟု ဆရာကြီးက မိန့်ဖူးပါသည်။
ရှေးခေတ်က
မြန်မာဆရာကြီးများတွင် လူထုကပေးအပ်သော ဗိန္ဓောဆရာဟူသော ဘွဲ့မှလွဲ၍
အခြားဘာဘွဲ့မှမရှိ။ သို့သော် လူအများအသက်ကို ကယ်တင် ကုသခဲ့ကြသည်။
ဒုတိယကမ္ဘာစစ် အတွင်းက အင်္ဂလိပ်ဆေးရုံများ ဆေးဝါးမရှိ ပြတ်လပ်ချိန်
ကျောက်ရောဂါ၊ ပလိပ်ရောဂါ ကပ်ဘေးများ ကျရောက်ချိန်တွင် တောနယ်များတွင်
ဤဆေးဆရာများနှင့်ပင် အသက် ဆက်ခဲ့ကြသည်။ မြွေဆိပ်ဖြေဆေးများ မပေါ်မီ
တောနယ်များတွင် မြွေကိုက်ခံရသူ မှန်သမျှ ဗိန္ဓောဆရာနှင့် ဘုန်းကြီးများက
မြွေဆိပ်နိုင်ပင်များ ရှာဖွေကုသပေးသဖြင့် အသက်ရှင်ခဲ့သူများမှာ ယနေ့အထိ
ရှိနေဆဲဖြစ်သည်။ ဗိန္ဓောဆရာများသည် မြွေကိုက်ရောဂါ သာမက ခက်ရာခက်ဆစ်
ခွေးရူးကိုက်၊ ခွေးရူးပြန်ရောဂါကိုလည်း ဆေးပင်ဆေးမြစ်များဖြင့်
ကုသခဲ့ကြသည်။
ခွေးရူးကု နာမည်ကျော် ဆရာကြီးများ မြန်မာဆေးပညာ
လောကတွင် ရှိခဲ့သည်။ ကျောက်ရောဂါ၊ ပုလိပ်ရောဂါ ကပ်ဘေးမှ မြန်မာဆေးနှင့်
အသက်ရှင်ခဲ့သူများလည်း ရှိခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ယခုအခါ
ထိုဆရာကြီးများ၏ မျိုးဆက်များပါ အမွေမကျန်ခဲ့ဘဲ ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။
စာရေးသူ၏ သူငယ်ချင်းဆရာက ပြောသည်။ ရှေးက ခွေးရူးကုရာတွင်
ပဒိုင်းပင်နှင့် ကုခဲ့သည်။ သို့သော် ပဒိုင်းနက်လား၊ ပဒိုင်းခတ္တာလား၊
ပဒိုင်းသုံးထပ်လား၊ မှတ်တမ်းမကျန်ခဲ့။ ထို့ပြင် ပဒိုင်းသီးလား၊
ပဒိုင်းပွင့်လား၊ အမြစ်လား ရေးမှတ်ထားသော မှတ်တမ်းမကျန်ခဲ့။ မြွေဆိပ်ကို
ကုခဲ့သည့် ခွေးတောက်ပင် ဆိုလျှင်လည်း အရွက်၊ အနွယ်၊ အမြစ် မည်သည်ကိုသုံး၍
မြွေဆိပ်ဖြေခဲ့သည်ကို မှတ်တမ်း အတိအကျ မကျန်ခဲ့ဟုဆိုသည်။
အစဉ်အဆက်
မသုံးသောအခါ ပညာတိမ်မြှုပ် ကွယ်ပျောက်သွားခြင်း ဖြစ်လေသည်။
ဆေးပင်အသုံးများ၏ အလွဲများကို သူက ဆက်ပြောပြသည်မှာ ဆီးချိုဝေဒနာသည်
တစ်ဦးသည် ဝေဒစာစောင်တစ်ခုတွင်ပါသည့် ဆေးနည်းကိုဖတ်ပြီး
ကြက်ဟင်းခါးရွက်များကို အရည်ညှစ် သောက်နေသည်ကို တွေ့ရကြောင်းပြောသည်။
အမှန်မှာ ဆီချိုကို အထိုက်အလျောက် နိုင်သည့် အာနိသင်မှာ ကြက်ဟင်းခါးသီး၏
အစေ့တွင်သာရှိကြောင်း သိရပါသည်။ သွေးတိုးရောဂါ ရှိသူတစ်ဦးမှာလည်း
ဒန့်သလွန်ရွက်ဟင်းချို ချက်သောက်နေသည်ကို တွေ့ရသည်။ ဟင်းချိုချက်လျှင်
အပူလောင်ပြီး ဒန့်သလွန်ရွက်၏ အာနိသင် (အေးသက်) ဓာတ်မှာ
ပျက်စီးသွားနိုင်သည်။ အရွက်ကိုထောင်းပြီး အရည်ညှစ်သောက်မှသာ (အေးသက်)
အာနိသင်ကိုရရှိပြီး သွေးတိုးကျနိုင်ပေမည်။
လေပူကိုနိုင်သည်ဟုဆိုပြီး
ခွေးတောက်ရွက်ကို ပုစွန်ဆိတ်ကလေးနှင့် ကြော်စားသူ၊ ပြုတ်ပြီး
တို့စရာအဖြစ် စားသူများလည်းရှိသည်။ လေပူမနိုင်သည့်အပြင် သွေးတက်ပြီး
ဦးနှောက်သွေးကြော ပြတ်သွားနိုင်ပါသည်။ ဝဖြိုးပြီး ခေါင်းချွေး
အလွန်ထွက်သူများ ခွေးတောက်ရွက်နှင့် မသင့်ပါ။ ပိန်ပြီး
လေချုပ်ရောဂါရှိသူ၊ နာလန်ထအားနည်းပြီး လေမသက်သူများကိုသာ
ခွေးတောက်ရွက်နှင့် ကြက်ရိုးဟင်းချို ချက်သောက်ရန် ဓာတ်စာအဖြစ်
ရှေးဆရာကြီးများက ပေးလေ့ရှိပါသည်။ မြန်မာ အမျိုးသမီးငယ်များသည်
မီးယပ်သွေးပေါ်ချိန် မပေါ်လျှင် မီးယပ်ဆေးပူများဝယ်၍ သောက်လေ့ရှိသည်။
အချို့မှာ ချင်းနှင့်ထန်းလျက် ပြုတ်သောက်ကြသည်။ ဤသို့ပြုတ်ရာတွင် ထန်းလျက်
အနေတော် ခုနှစ်ခဲတွင် ချင်းပါးပါးအလွှာ ခုနှစ်လွှာထက် ပိုမထည့်ရ။
ချင်းများလျှင်
အပူလွန်ပြီး ပေါ်မည့် မီးယပ်သွေးမပေါ်ဘဲ ခမ်းသွားတတ်သည်။ ထန်းလျက်မှာ
သံဓာတ်ပါသည်။ အားကိုဖြစ်စေသည်။ သွေးအားနည်းလျှင် ထန်းလျက်ကပိုမှသာ
သွေးအားဖြစ်ပြီး မီးယပ်ပေါ်မည်။ မြန်မာ့ရိုးရာ ဆေးများကို သုံးစွဲရာတွင်
ဆေးနည်း မှန်ကန်သော်လည်း ဆေးပစ္စည်း အာနိသင် မမှန်သဖြင့်၊ မသန့်စင်သဖြင့်
မစွမ်းသည်များ ရှိသကဲ့သို့ အချိန်အတွယ် မမှန်ကန်သဖြင့်
တလွဲဖြစ်နေရသည်များလည်း ရှိသည်။ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်သည်ဟု ဆိုသော်ငြား
အပင်တစ်ပင်တည်းမှာပင် ဆေးဘက်ဝင်သည့် အစိတ်အပိုင်း၊ မဝင်သည့်
အစိတ်အပိုင်း ရှိသည်။ ငှက်ပျောသီး တစ်ဖီးမှာပင် ဆေးဘက်ဝင်သည့်အသီး၊
မဝင်သည့်အသီးဟူ၍ ရှိသည်။ ထို့အပြင် ဆေးပေးသောဆရာ၏ ပညာအယူအဆ၊ သိက္ခာ၊
သမာဓိ၊ သီလတို့နှင့်လည်း သက်ဆိုင်သည့်အကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့် (မုဒြာ)
Ref: Shade The Mandalay Hill
Source: http://news.yatanarpon.com.mm/news/article-58247
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment